The Return: Forbidden Throne ( 03 )
The Return: Forbidden Throne ( 03 )
chapter3
"အပြန်လမ်း"
အခန်း ( ၃ )
ညနေစောင်းချေပြီ။ မကြာမီမှောင်ချေတော့မည်။
ခရီးပြင်းနှင်လာရသည်နှင့်အမျှ ခြေလက်တို့ အတော်ပင် ထုံကျင်ကိုက်ခဲလျက်ရှိသည်။
စီးတော်မြင်းကိုကောင်းစွာ မြေမြုပ်၍ထားခဲ့ပြီးသည့်နောက်တောအုပ်ငယ်တစ်ချို့ နှင့်လွင်ပြင်နှစ်ခုလောက်ကို
သည်အတိုင်းသူခြေလျင်လျှောက်၍လာခဲ့ရသည်မဟုတ်လား။ ခပ်လှမ်းလှမ်းက တောင်ကုန်းတစ်ခုပေါ်တွင်
စေတီငယ်တစ်ဆူကိုရေးရေးမြင်နေရ၍သာ ကြိုးစား၍ ဆက်လျှောက်လာခဲ့ခြင်းဖြစ်သည်။ စေတီပုထိုး များရှိရာအရပ်အနီးအနားတွင် လူနေအိမ်များ ရှိနေနိုင်ပေမည်။ ရှေ့ အနည်းငယ် ထက်လျှောက်ပြီးလျှင် လူနေအိမ်တစ်ချို့ တွေ့ နိုင်ကောင်းပါရဲ့။ ရေလည်းအတော်ငတ်လှပြီ။မြင်းကုန်းနှီးတွင်ချိတ်၍သယ်ခဲ့သော ဘူးသီးခြောက်တို့ ကိုယူလာခဲ့ရသော်လည်း ရေကား မကျန်တော့။ဟိုးအဝေးက မှိန်ပြပြမြင်ခဲ့ရသော စေတီသည်မြင်ကွင်းတွင်တဖြေးဖြေးရှင်းလင်းလာသည်။ထုံးဖြူသုတ်စေတီငယ်တစ်ခုဖြစ်သော်လည်း  
အဖြူရောင်လွင့်၍ ခပ်မွဲမွဲ ညစ်ထေးထေး အရောင်ပေါက်နေချေပြီ။ စေတီဘယ်ဘက်အောက်ခြေရှိ
ရင်ပြင်ငယ်မှာတစ်ပိုင်းကျိုး၍ မြေနိမ့်ပိုင်းသို့အနည်းငယ်စောင်းကျနေပြီး၊ စေတီ၏ ငှက်ပျောဖူး  ပါတ်တလည်ရှိအုတ်သားတစ်ချို့ ပဲ့ကြွေ နေကြသည်။ တစ်ချို့ အက်ကြောင်းများကြားတွင်လည်း
မြက်များ၊ခြုံပင်ငယ်များက နေရာယူထားကြပေရာ သည်စေတီသည်လူသူနီးသောအရပ်တွင် ရှိနေခြင်းမျိုး
မဖြစ်နိုင်ပေ။ စေတီဟောင်း၊စေတီပျက်တစ်ဆူသာ ဖြစ်တန်ရာသည်။ လူသူအရောက်အပေါက်ပင်ရှိပါလေစ။
အနီးအနားတွင်လူနေလူခြေ ရှိတန်ကောင်းသည်ဟူသော စိတ်တို့ အနည်းငယ် အားလျှော့သွားကြသည်။
ဟူး
လေပူတစ်ချို့ ကို မှုတ်ထုတ်လိုက်ရင်း မြင်နေရသော စေတီတောင်းကုန်းပေါ်သို့ ဆက်တက်သွားရန်သူဆုံး
ဖြတ်လိုက်ရသည်။ မတတ်နိုင်တော့။ လူနေအိမ်ခြေ မရှိလျှင်လည်း ဒီတစ်ညအတွက်တော့ သည်စေတီတောင်
ကုန်းပေါ်တွင်သာနေရာကောင်းတစ်ခုရှာ၍ စတည်းချနားနေရန်သူဆုံးဖြတ်လိုက်သည်။ စေတီတောင်ကုန်းပေါ်သို့ 
သွားရာလမ်းတစ်လျှောက်တွင်ထိကရုဏ်းပင်လေးများ အတန်များလှသည်။ လှမ်းလိုက်သော
ခြေလှမ်းတို့မြေသို့ ပြန်မထိမီပင် လေအဟုန်နှင့်အဖျားခတ်မိသော ထိကရုဏ်းပင်တစ်ချို့ ကျုံ့ ဝင်သွားကြ၏။
ငယ်ငယ်ကရွှေနန်းတော်နန်းဥယျာဉ်တွင်ထိကရုဏ်းပင်လေးများကို လက်လေးနှင့်ထိ၍ အထူးအဆန်းကြည့်ခဲ့ရဖူးသည်ကို
အမှတ်ရနေမိသည်။ မိမိက မြက်ပင်များထူထပ်ရာ၊ ထိကရုဏ်းပင်လေးများရှိသည့် အနီးအနားသို့ သွားပြီးဆော့ကစားတိုင်း
ဝန်မင်းကြီးသုနန္ဒက ဂရုတစိုက်အကဲခတ်နေလေ့ရှိသည်။ ခါကျဉ်ကောင်ငယ်လေးများကထိုမြက်ပင်များကြား တွင်ခိုအောင်းတတ်ကြသည်လေ။ သောမနဒီရဲ့နန်းရင်သွေး မိမိကို အမြဲတစေစောင့်ရှောက်ရန်ဖခမည်းတော်က အမိန့်တော်ရှိထားသည်မဟုတ်လား။ ၀န်မင်းကြီး မည်သို့လာပေါ့ဆရဲပါ့မည်နည်း။ တစ်ခါတစ်ခါ စိုးရိမ်စိတ်လွန်တတ်သော ၀န်မင်းက မိမိကို ခါကျဉ်ကိုက်ခံထိမည်ဆိုးသဖြင့် ထိကရုဏ်းပင်လေးများအနားမသွားဖို့ တားမြစ်တတ်သေးသည်။ ထိုသို့လာ၍ တားမြစ်သည့်အချိန်တိုင်းတွင်လည်း မိမိကထိကရုဏ်းပင်များကို ကန်ကျောက်ပစ်ရလောက်သည်အထိ ဒေါသပုန်ထခဲ့သည်ချည်း။ မိမိသည် သောမနဒီတိုင်းပြည်ကို အုပ်ချုပ်သော မင်းဧကရာဇ်၏ သားတော်တစ်ပါး ဖြစ်သည်မဟုတ်လား။ မည်သို့ သော သူမျိုးကမျှ မိမိသွားမည့်လမ်းကို ပိတ်ပင်တားမြစ်ခြင်းမျိုး မနှစ်မြို့ လှပေ။ ထိုစဉ်ကလူမမယ်ကလေးအရွယ်ပင်ဖြစ်လင့်ညား မိမိသည်လောက်တော့ မပျော့ညံ့ခဲ့ပေ။ ဟုတ်သည်လေ သည်လောက်သေးငယ်သော အကောင်ငယ်လေးများကိုက်၍လည်း ဘာမှဖြစ်မသွားနိုင်။ နောင်တစ်ချိန် သောမနဒီထီးနန်းကို အမွေခံ စံမြန်းရသော အခါတွင်လည်း တိုင်းသူပြည်သားတို့  အားကိုးထိုက်သော၊ ခွန်အားကြီးသော မင်းဧကရာဇ်တစ်ပါးသာ မိမိဖြစ်ချင်ခဲ့သည်။ မင်းပျော့၊မင်းညံ့ တစ်ပါး တော့ဖြစ်မလာချင်ခဲ့ပေ။ ပြော၍သာပြောရသည်ဖခမည်းတော်၏ လက်ရုံးများဖြစ်သော သစ္စာတော်ခံ ၀န်မင်းလေးပါးရှိသည့်အနက်ဝန်မင်းကြီး သုနန္ဒသည်မိမိအပေါ် သံယောဇဉ်အရှိဆုံးပင်။ မိမိငယ်ငယ်ကပင်အထိန်းတော်တစ်ပါးလို မိမိအပေါ်ရိုကျိုးခဲ့သူ၊  မိမိကိုရဲရင်သော စိတ်ဓါတ်နှင့် ထူးဆန်းသော ပညာရပ်များ၊ဂါထာအစီအရင်များနှင့်ရင်းနှီးစေခဲ့သူဖြစ်သည်။
ဖြောက်
ထိကရုဏ်းပင်လေးများကို ဖြတ်နင်းရင်ရွှေနန်းတော်ငယ်ဘ၀ဆီခေတ္တရောက်သွားသော စိတ်အစဉ်တို့ကို
ခြေနင်းသံတစ်ခုက ပြန်လည်ခေါ်ယူလိုက်သည်။ စေတီတောင်ကုန်းငယ်ပေါ်သို့ တက်လာသည်မှာ
စေတီငယ်နှင့်ပင်အတန်နီးလှချေပြီ။ မိမိမျက်နှာမူရာအရပ်၊ စေတီငယ်နောက်ဘက်ဆီမှ ခြေနင်းသံတစ်ခုကို
သူကြားလိုက်ရခြင်းပင်။ ခြေသံကို လုံအောင်ဖွဖွနင်းရင်သစ်ကိုင်းခြောက်တစ်ခုပေါ် အမှတ်မထင်နင်းလိုက်
မိသည့်အသံမျိုး။ လက်စွဲတော်ဓါးပေါ်သို့ လက်ကို အသင့်အနေအထား ဆွဲကိုင်ရင်း
အသံလာရာဘက်သို့ သူလျှောက်သွားလိုက်သည်။
ဟင်
စေတီငယ်ထောင့်ချိုးကွယ်မှလွတ်သည်နှင့် ဖြတ်ခနဲ ပြေးသွားသော အရိပ်မည်းတစ်ခုကို သူမြင်လိုက်ရသည်။
အတော်ပင်လျင်မြန်သော အဟုန်နှင့် ခပ်လှမ်းလှမ်းတွင်ရှိနေသော သစ်ပင်များအကြားပြေးဝင်သွားသော်လည်း
ထိုသူသည်အမျိုးသမီးတစ်ဦးဖြစ်ကြောင်းကိုတော့ သူကောင်းစွာသတိထားမိလိုက်သည်။ အမှောင်ထုသည်လည်း
တဖြေးဖြေးလွှမ်းမိုးလာလေရာ ရုပ်အဆင်း၊ပုံပန်းသဏ္ဏာန်ကိုတော့ သေချာ မမြင်ရ။
ဟိတ်... ရပ်လိုက်
ချက်ချင်းဆိုသလိုအော်ဟစ်ဟန့်တားလိုက်ပြီး သူမနောက်သို့အပြေးလိုက်သွားလိုက်သည်။
အမျိုးသမီးတစ်ဦးဖြစ်သော်လည်း အတော်ပင်သန်မာဟန်ရှိသည်။ နုပျိုသော ရွှေသပင်တစ်ကောင်လိုပင်
အပြေးမြန်လှသည်။ အတန်ပင်ပြေးလိုက်ပြီးသည့်နောက် ခရီးပန်းလာသော မိမိ၏ခြေထောက်တို့ က
အနည်းငယ်နောက်ကျကျန်ခဲ့တော့သည်။ သူမကား ဆူးငြောင့်ငယ်တချို့ ၊ သစ်ကျိုးပင်တစ်ချို့ ကို
လွှားကနဲ၊လွှားကနဲ ခုန်ကျော်သွားရင်း မြင်ကွင်းမှ တစ်ဖြေးဖြေးပျောက်ကွယ်သွားလေသည်။
နောက်ကျကျန်ခဲ့သည်ဆိုရာတွင်လည်း အရှင်းမျက်ခြေပျက်သွားခြင်းမျိုးတော့မဟုတ်။ မှောင်ထဲမဲထဲတွင်
သဲကွဲစွာမမြင်ရသော်လည်း သူမပြေးသွားရာလမ်းတစ်လျှောက်ရှိ တောတိုးသံကိုမှန်း၍
တောက်လျှောက်လိုက်လာခဲ့လိုက်သည်။ ကြိုးစားပန်းစား အပြေးလိုက်နေရင်းသားနှင့်ပင်
သူမ၏အရိပ်အခြေမျှပင်မမြင်ရတော့။ အမှောင်ထုကို အခွင့်ယူအသုံးချရင်း ပြေးလွှားသွားသော
တောတိုးသံတို့ သည်တစ်စတစ်စ ပို၍ ဝေးကွာသွားရာမှ ပျောက်ကွယ်သွားတော့သည်။
ပြေးရင်းပြေးရင်းနှင့်တောအုပ်လေးအတွင်း ၀င်မှန်းမသိဝင်လာမိလိုက်သည်။ စေတီငယ်နှင့်
လည်းအတန်ပင်လှမ်းလာပြန်ပြီထင်သည်။ ပါတ်ပါတ်လည်တွင်လည်း ကျွန်းပင်ငယ်တစ်ချို့ မှလွဲ၍
အလို
သိပ်မကွာလှသော အရပ်တွင်မီးရောင်ပြပြကို သူမြင်လိုက်ရခြင်းဖြစ်သည်။ ဟုတ်သည်မီးရောင်၊ မီးရောင်မှ
လူနေအိမ်တဲတစ်လုံးအတွင်းမှ မြင်နေရသည့် ဆီမီးရောင်။ ဘေးတွင်လည်း ရေတွင်းငယ်လေးတစ်ခု။
မောဟိုက်နေသောစိတ်တို့ အတွက်အနားရစရာတစ်ခုမြင်လိုက်ရသလို အနည်းငယ်ဝမ်းသာသွားမိသည်။
ပြေးလွှားခဲ့ရ၍်မောဟိုက်နေခြင်းများ ဖြေလျော့ရန် ဒူးကို အသာညွှတ်ကာ လေကိုတစ်ဝကြီး ရှုသွင်းလိုက်ပြီးသည်နှင့်ထိုတဲအိမ်လေးရှိရာအပြေးတပိုင်း လျှောက်လာလိုက်မိသည်။
အထဲတွင်လူရှိနေမည်မှာသေချာသည်။ စောစောက အပြေးနှင်သွားသော အမျိုးသမီးပင်
ဖြစ်ကောင်းဖြစ်နေနိုင်သေးသည်မဟုတ်လား။ မည်သူပင်ဖြစ်ပါစေ သူ့အတွက်သောက်သုံးရေ
အနည်းငယ်တော့ ရရှိနိုင်လိမ့်မည်ပင်။ တဲအိမ်ငယ်သည် ရွာဇနပ်ပုဒ်များတွင်တွေ့ ရလေ့ရှိသော
လေးပင်ထောက်ဓနိမိုး တဲငယ်တစ်လုံးပင်။ ၀ါးကြမ်းခင်း၊ ဓနိကာထားပြီးအတန်ပင်ဟောင်းနွမ်းနေလေပြီ။
ကျိုးတိုးကျဲတဲ ၀ါးခင်းနံရံများမှ မှိုနံတစ်ချို့ ပင်ရနေသေးသည်။ တဲအိမ်အပြင်နားတွင် စဉ့် အိုးတစ်လုံးနှင့် အိုးကွဲတစ်ချို
 အပြင် ဘူးစဉ်ဟောင်းတစ်ခုလည်းရှိနေပေသည်။ စဥ့်အိုးကား ရေတစ်စက်မျှမရှိအောင်ပင်ခြောက်ကပ်နေသော်လည်း ဘူးပင်များကတော့ စိမ်းစိုလျက်ပင်ရှိနေသေးသည်။
အိမ်ရှင်တို့
အိမ်ရှင်တို့ရှိပါသလား
အတွင်းမှ မည်သည့်အသံမျှမကြားရ။ ဆီမီးအလင်းရောင်ကတော့ အတိုင်းသားမြင်နေရသည်။
လူတော့ရှိနေဟန်မပေါ်။ လေးပင်ထောက်အိမ်ဖြစ်သော်လည်း ကြမ်းခင်းအတော်ပင်နိမ့်လှရာ
ဝါးကြမ်းခင်းပေါ်သို့ ခြေလှမ်းလိုက်ပြီး သည်အတိုင်းပင်တက်သွားလိုက်သည်။
ဂျွီ
ယိုင်နဲ့ နဲ့  ဓနိကို ၀ါးခြမ်းကပ် ရိုက်ထားသော တံခါးအား အသာတွန်းရင်း
အိမ်ရှင်တို့
အိမ်အတွင်းသို့ တစ်ချက်အကဲခတ်လိုက်သည်။ အရှေ့ ဘက်ခြမ်း သစ်သားပုံးတစ်ခုပေါ်တွင်
ဆီမီးခွက်ငယ်တစ်ခု။ထိုဆီမီးခွက်မှအလင်းကို မိမိမြင်နေရခြင်းဖြစ်မည်။ ဘေးနားတွင်
ဝါးကျောခင်းဖျာငယ်အနားစုတ်တစ်ခု။ကျောခင်းတစ်နေရာစာတွင် ပြောင်နေသည်မှလွဲ၍
ဘေးပါတ်ပါတ်လည်တွင်ဖုန်များ၊ သစ်ရွက်ခြောက်များက နေရာအနှ့ံ။ အခန်းတွင်း ထောင့်ကျကျနေရာများတွင် ပင့်ကူမျှင်များ၊ ပြောင်းဖူးခွံအမှိုက်သရိုက်များလည်းရှိနေသေးပေရာ တစ်ယောက်ယောက် ခရီးတစ်ထောက်နားထားသည့်ပုံစံမျိုးဖြစ်နေသည်။
သည်ပုံထောက်လျှင်သည်တဲငယ်တွင်အမြဲတမ်းနေသောတဲပိုင်ရှင်တစ်ယောက်တော့မဖြစ်တန်ရာ။ ခရီးသွားတစ်စုံတစ်ယောက်ပေလော။ မည်သို့ ဆိုစေတော့ ထိုတစ်စုံတစ်ယောက်သည် အနီးအနားဝန်းကျင်တွင်ရှိနေရမည်။ ဆီမီးထွန်းထားသော မီးစာသည် အသစ်ကြီးရှိနေသေးသည်။ ဖြစ်နိုင်ချေများသည်ကတော့ စောစောက အပြေးပျောက်ကွယ်သွားသော အမျိုးသမီးပင်ဖြစ်ချေမည်။ ထိုအမျိုးသမီးသည်လည်း မိမိကိုမြင်သည်နှင့် အဘယ်ကြောင့် အပြေးနှင်ရသနည်း။
ဟူး
အတွေးပေါင်းများစွာနှင့် သက်ပြင်းတစ်ခု ဖြေးလေးစွာချလိုက်ရင်း ၀ါးကျောခင်းပေါ်ထိုင်ချလိုက်သည်။ သွားချေပြီ။ သောက်သုံးရေအနည်းငယ်ရမည်ဟု မျှော်လင့်ထားမိသည်မှာလည်း မဖြစ်နိုင်တော့။ အတန်ပင်ခရီးပန်းလာသည်ဖြစ်ရကား
ရေအတော်ငတ်လှပြီဖြစ်သည်။ ရေ...ရေ...ရေရေဘယ်မှာရနိုင်ပါ့။ ဟာ...ခဏ..ခဏ..သည်တဲအိမ်ကို မြင်တုန်းက
ဘေးတွင်ရေတွင်းငယ်တစ်ခုရှိသည်လေ။ တဲအိမ်အတွင်းမှာ လူရှိကောင်းရှိနိုင်ရဲ့ဟူသော အတွေးနှင့်
ရေတွင်းငယ်ကို ကျော်လာမိလိုက်သည်ထင့်။ ချက်ချင်း ဆတ်ကနဲ ထလိုက်ပြီး တဲအိမ်အပြင်ထွက်လာလိုက်သည်။
ရေတွင်း၊...ရေတွင်း ဘယ်နားမှာပါလိမ့်။ တစ်ချက်လောက်မျက်စိကစားလိုကသည်နှင့် တဲအိမ်၏
အနောက်မြောက်အရပ်တွင်ရှိနေသော ရေတွင်းကိုလရောင်အောက်တွင်သူကောင်း စွာမြင်လိုက်ရသည်။
ရေတွင်းဘောင်ပေါ်တွင်မြက်ပင်တစ်ချို့ ပေါက်နေကြပြီး ရေတွင်းနံရံအုတ်သားတို့ သည်လည်း မွဲခြောက်ခြောက်ရှိချေ၏။ ရေမှရှိပါလေစ။ စိုးရိမ်စိတ်အနည်းငယ်နှင့်ရေတွင်းသို့သွားဖို့ ရန်ခြေလှမ်းပြင်လိုက်သည့် အချိန်တွင်ပဲ တစ်စုံတစ်ခုကို အာရုံခံလိုက်မိသည်။ မသိုးမသန့်အာရုံတစ်ခု၊ အန္တရာယ်အငွေ့ အသက်တစ်ခု။ ပါတ်ဝန်းကျင်သည်လည်း ပကတိတိတ်ဆိတ်မှောင်မဲလျက်။ လရောင်မှုံပြပြအောက်တွင်မျက်နှာမူရာအရပ်ရှိဝါးရုံတောတစ်ချို့ နှင့် ကျွန်းပင်တစ်ချို့ ကိုတော့
သူရှင်းစွာမြင်နေရသေးသည်။ သို့ဆိုလျှင်........ ကျောမလုံသော မသိုးမသန့်ခံစားချက်တို့နှင့်
ကျောပေးထားရာအရပ်သို့ သူလှည့်ကြည့်လိုက်သည်နှင့်
ဝှီး
လွှဲရိုက်ချလာသော သစ်သားတုတ်ကို အမြန်ရှောင်တိမ်းရင်း၊ သစ်သားတုတ်ကိုင်ထားသောထိုသူကို
စောင့်တွန်းချလိုက်သည်။ ထိုသူကားနောက်သို့ ဖင်ထိုင်လဲကျသွားလေသည်။ လဲကျသွားသည့်တိုင်
နာကျင်ဟန်မပြ၊ သည်အတိုင်းတောင့်တောင့်ကြီးဆက်ထိုင်နေလျက်။ မွဲခြောက်ခြောက်အသားအရေတို့ ကား
အနဲငယ်တွန့် ကျေနေသယောင်ရှိသည်။ ခေါင်းတွင်ပါတ်ထားသော အ၀တ်စုတ်နှင့် ခါးစည်းပုဆိုးတို့ သည်အနားသတ်
တို့ ပြဲကာဆံပင်များဖွာလန်ကျဲနေကြချေသေး၏။ ကြည့်ရပုံထောက်လျှင်တဲအိမ်ရှင်များပေလော။ မျက်နှာစိမ်းတစ်ယောက် ဖြစ်နေ၍ ရန်လိုခြင်းဖြစ်နိုင်ချေရှိသည်။
သည်မှာဗျ...ရောင်းရင်းကြီး
ကျွန်ုပ်က ခရီးသွားတစ်ယောက်ပါ။ သည်တဲအိမ်မှာ မီးရောင်မြင်တာနဲ့ လာခဲ့လိုက်တာပါ။
စကားကို တစ်လုံးချင်းပြောရင်း ထိုသူအနားသို့သတိထားကာ တစ်လှမ်းချင်းတိုးကပ်သွားလိုက်သည်။
ထိုသူကား ထိုင်နေတုန်းအနေအထားနှင့် အသက်ကို ပြင်းပြင်းရှုနေသယောင်ရှိသည်။
ရောင်းရင်းကြီး....သည်မှာဗျ...ရောင်း....”
ဝုန်း
စကားပင်မဆုံးလိုက်ထိုသူသည်လဲကျနေရာမှ ရုတ်တရက်ထလိုက်ပြီး ၄င်း၏ လက်သည်းရှည်ကြီးများနှင့်
လှမ်း၍ ကုတ်ခြစ်တိုက်ခိုက်တော့သည်။ ခန္ဓာကိုယ်ကို တစ်ပါတ်လှည့်ရှောင်တိမ်းရင်း ထိုသူ၏ နောက်ကျောကို
လက်ဝါးနှင့်ခတ်ဆတ်ဆတ်တစ်ချက်ရိုက်ချလိုက်သည်။ အရှိန်နှင့် ရှေ့ သို့ခလုပ်တိုက်သွားသော
ထိုသူကိုကြည့်ရသည်မှာ သူရူးတစ်ယောက်နှင့်တူလှသည်။ အားရှိသည့်ပုံလည်းမပေါ်လှ။
အသိဥာဏ်လည်းကင်းမဲ့နေသယောင်ရှိသည်။ ဟော နီကြောင်ကြောင်မျက်လုံးနှင့် မိမိကို စိုက်ကြည့်နေပြန်ပြီ။
သည်မယ်..သည်မယ်..ရောင်းရင်းကြီးကျွန်
အကျိုးသင့်၊အကြောင်းသင့် စကားဆက်ရန်ကြိုးစားလိုက်သော်လည်း စကား မဆုံးလိုက်ပြန်၊။ ရှေ့ သို့ပြေးဝင်
တိုက်ခိုက်လာပြန်သည်။ ခက်ချေပြီ။ မိမိလို သန်မာထွားကြိုင်းသော မင်းယောင်္ကျားတစ်ယောက်အတွက်တော့
သည်လူကို လှဲသိပ်လိုက်ရန်မှာ ဓါးတစ်ချက်ဆွဲရန်ပင်မလိုအပ်ပေ။ အဘယ်ကြောင့် အခြေအနေကို နဲနဲမျှပင် မသုံးသပ်တတ်သနည်း။ အခုလို ကမူးရှုးတိုးတိုက်ခိုက်နေ၍လည်း မိမိအတွက်ဘာ ပြဿနာမှမရှိပေ။
အခုလည်း အသာလေးရှောင်ပေးလိုက်ယုံနှင့်
ဘုန်း
ထိုသကောင့်သားကား နောက်တစ်ကြိမ်သူ့အရှိန်နှင့်သူ ပါသွားကာ ရှေ့ သို့လဲကျသွားပြန်သည်။
ကျွတ်
သူစိတ်မရှည်ချင်တော့၊ ခရီးပန်းလာရသည့်အထဲ ဘယ်လိုလူမျိုးတွေနှင့်လာတွေ့ နေရသည်မသိ။
အို...သည်မယ်ဗျ...ရောင်းရင်းကြီး...ကျွန်ုပ်က
လေသံမာမာနှင့် စကားကို ဆက်လိုက်သည်၊
ကျွန်ုပ်က
ဟင်
ဒါတွေက ဘာတွေတုန်း။ အတော်ပင်ကြောင်အမ်းအမ်းဖြစ်သွားမိသည်။ ကြည့်လေ...ထိုလူလဲကျသွားတဲ့ နေရာ
အနောက်ဘက်ဝါးရုံတောထဲတွင် မဲမဲ၊ မဲမဲနှင့် အရိပ်တွေ၊ အရိပ်တွေဆိုတာ နည်းသည်မဟုတ်။ စောစောက မိမိ သတိမထားမိ၍လော၊ အခုမှရောက်လာကြခြင်းပေလောပင် မသဲမကွဲဖြစ်ရင်းကြောင်ငေးကြည့်နေစဉ် လဲကျသွားသော
သကောင့်သားကပြန်လည်ထရပ်လိုက်သည်။ တစ်ချိန်တည်းတွင်ပင် ထို အရိပ် မည်းများကလည်း ၀ါးရုံတောမှောင်ရိပ်အတွင်းမှ မိမိဆီသို့ ရှေးရှုကာတဖြေးဖြေးတိုးထွက်လာကြသည်။ ၀ါးရုံတော အမှောင်ရိပ်ကို
လွန်ကာ တိုးထွက်လာနေသော ၄င်းတို့ ၏ ပုံပန်းသဏ္ဏာန်များကား လရောင်အောက်တွင် အတန်ပင်မြင်သာ၊ ထင်သာရှိလာသည်။ မျက်ထောင့်များနီ၍ စူးစူးစိုက်စိုက်ကြည့်နေသော မျက်လုံးများမှာ သေနေကြပြီး၊ တစ်စုံတစ်ရာ၏ထိန်းချုပ်ခြင်းကိုခံထားရသလို ရှိနေကြသည်။ အများစုမှာ လက်ဗလာများဖြစ်သော်လည်း တစ်ချို့ က သစ်သားတုတ်များ၊ လေးမြှားများကိုကိုင်ဆောင်ထားကြပြီး၊ တစ်ချို့ က ထင်းခုတ်ဓါးများ ကို အားမပါတပါကိုင်ဆောင်ထားကြသည်။ အသားအရေများမွဲခြောက်နေသည်မှာလည်း အသက်ရှိသော လူများနှင့်ပင်မတူတော့။ အဘယ်သို့ သော အကြောင်းများရှိနေပါ၍နည်း။ သည်အခြေအနေသည် မည်သို့ မျှ ပုံမှန်မဖြစ်နိုင်ချေ။ ၄င်းတို့ ကား ရန်မူ တိုက်ခိုက်လိုဟန်ရှိကြောင်းကို ကောင်းစွာ သဘောပေါက်လိုက်သည်နှင့် လက်စွဲတော် ဓါးကို ဆွဲထုတ်ကာ တိုက်ခိုက်ရန် အသင့်ပြင်လိုက်ရသည်။
ဂါး
မိမိထင်ထားသည့်အတိုင်းပင် သကောင့်သားများက တဖြေးဖြေးလျှောက်လာရာမှ အရှိန်ကို တိုးလိုက်ကြပြီး အဟုန်နှင့် ပြေးဝင်တိုက်ခိုက်လာကြတော့သည်။
ဂါး..ဂရား
ဘုန်း
ရှေ့ ဆုံးမှပြေးတက်လာသော သစ်သားတုတ်ကိုင်ထားသူတစ်ယောက်ကို အားနှင့်ဆောင့်ကန်ချလိုက်သည်။ ၄င်းအနောက်မှလိုက်လာသောသူ သုံးလေးယောက်လောက် ဟန်ချက်ပျက်လဲကျသွားကြသည်။ ထိုသူများ လဲကျသွားသည့်
အခိုက်မှာပင် ၄င်းတို့ နောက်မှလိုက်လာသော ဓါးမကိုင် သူတစ်ယောက်က ဓါးနှင့်လွှဲခုတ်လာသည်။
ဝှစ်
အနောက်သို့ ခြေတစ်လှမ်းဆုတ်ကာ ခါးကို အနည်းငယ်ကော့လိုက်ပြီး ခန္ဓာကိုယ်ကို နှိမ့်၍မော့ချရှောင်တိမ်းလိုက်သောအခါ သကောင့်သားခုတ်ချလိုက်သော ဓါးချက်က လေထဲတွင်တစ်ပါတ်လည်သွားပြီး ဘေးမှတက်လာသော အခြားတစ်ယောက်ကို
ခုတ်မိသွားသည်။ ထူးဆန်းသည်ကား အခုတ်ခံရသော သကောင့်သားကား နာကျင်ဟန်မပြ၊ တစ်ချက်မျှညည်းလိုက်ခြင်းပင် မရှိ။ ကွေးညွတ်သွားသော ဒူးတို့ ကို ပြန်မတ်ကာ အနောက်ဘက်သို့  တစ်ချက်လှည့်ရင်း လက်စွဲတော်ဓါးကို တစ်ချက် ဝှေ့ ချလိုက်သည်။
ဝှီးး….”
အနားတွင်ရှိနေသော စဥ့်အိုးကို ရိုက်မိပြီး ကွဲထွက်သွားကာ အိုးကွဲစတို့ လွင့်စင်သွားကြသည်။ တစ်ပါတ်လည်သွားပြီးသည်နှင့် လက်စွဲတော်ဓါးကို ပုခုံးပေါ်ထမ်းတင်လျက်သား အနေအထားတွင်ခဏရပ်လိုက်ပြီး အခြေအနေကို အကဲခတ်ကြည့်ရန် ကြိုးစားလိုက်စဉ် လက်ဗလာသူရူးတစ်ချို့ ကခုန်ဝင်လာပြန်သည်။ ဓါးကို အမြန်ပြန်လွှဲရိုက်ချလိုက်ပြီး၊ ပင့်ဓါးတစ်ချက် ထပ်ဖြည့်လိုက်သည်တွင်
ဟင်
ဓါးသွားနှင့်လွှဲခုတ်မိလိုက်သော သူများကား လေပြင်းပြင်းအတိုက်ခံရသော ပြာမှုန်၊ပြာခဲများကဲ့သို့ အမှုန်များဖြစ်ကာ လွင့်စင် ပျောက်ကွယ်သွားကြသည်။ စီးတော်မြင်းကို ပစ်ချခဲ့သည့် မုဆိုးကို ရုတ်ချည်း ပြေးမြင်မိသွားသည်။ သည်သူရူးများကား
ဆက်စပ်မှုရှိနေဟန်ရှိသည်။
ဂါး…”
စဉ်းစားချိန်ပင်မရလိုက် ဓါးမကိုင်ထားသော သူရူးတစ်ယောက်က ၀င်လာပြန်သည်။ ဒင်း အနားသို့ မရောက်မှီတွင်ပင် ညာဒူးကိုတစ်ချက်ကွေးလိုက်ပြီးလက်စွဲတော်ဓါးကို ဆန့် ထုတ်ကာ စောင့်ထိုးချလိုက်သည်။ သည်တစ်ယောက်လည်း အမှုန်ဖြစ်သွားပြန်သည်။ ထို့ နောက်
ဂါး..ဂရား
အနောက်ဘက်မှ တစ်ယောက်ဝင်လာပြန်သည်။ ညာဒူးကိုတစ်ချက်ပြန်သိမ်းလျက်သားနှင့်ပင် ဓါးနောင့်ကိုအနောက်တည့်တည့်စောင့်ချထည့်လိုက်သည်။ အရှိုက်ကိုထိကာ ရှေ့ သို့ ငိုက်ကျလာသော ဒင်း ခေါင်းကို
ဖမ်းထိမ်းလိုက်ပြီး ရှေ့ သို့ ဆွဲချကာ အရှေ့ မှတက်လာသော အခြားသူရူးများထံ ပစ်ချလိုက်သည်။ အထပ်လိုက် လဲပြိုသွားသော
အထဲမှ ပြန်ထလာသော ရှေ့ ဆုံးမှသူရူး၏ ခေါင်းကို ဆံပင်မှဆွဲယူကာ တဲနံရံဘက်သို့ ပစ်ချလိုက်သည်။ နဂိုကမှ ဆွေးနှင့်သော ၀ါးနံရံအတွင်း ခေါင်းစိုက်ဝင်သွားသော သကောင့်သားကား ယက်ကန်ယက်ကန်နှင့် ဂူးဂူးဂါးဂါးနှင့် ဒေါသတကြီးအော်ဟစ်နေ သေးသည်။ ဒင်းအား ငေးကြည့်နေရန်အချိန်ကမရှိ ဘေးမှ ထပ်ဝင်လာပြန်သော တုတ်ချက်များကို ရှောင်တိမ်း လိုက်ရင်း လှည့်ထွက်လိုက်ရပြန်သည်။ သတိထားရှောင်တိမ်းလိုက်ပါသော်လည်း ရှောင်တိမ်းသည့်ဘက်မှာရှိနေသော သကောင့်သား နောက်တစ်ကောင်က လက်သည်းနှင့်လှမ်း၍ ကုတ်ချလိုက်ပြန်ရာ လက်မောင်းတွင် ရှပ်၍ခြစ်မိသွားသေးသည်။
တောက်
ကျားးးး…..”
ထောင်းကနဲထွက်လာသော ဒေါသတို့ နှင့် လက်စွဲတော်ဓါးကို ဘယ်ညာတစ်ချက်ပြီး တစ်ချက် ဆက်တိုက် ဝှေ့ ရမ်းကာ ဓါးလွယ်ခုတ်များ ဆက်ကာဆက်ကာ ခုတ်ချလိုက်သည်။ ဓါးဖျားအောက်တွင် အမှုန့် ဖြစ်ကာ သကောင့်သားများ တစ်ကောင်ပြီး တစ်ကောင်လွင့်ပါသွားကြသည်။ ဘေးပါတ်ပါတ်လည်မှ ထိုအမည်မသိသူရူးများသည်ကား မကုန်နိုင်သေး။ နောက်တစ်ကြိမ် ၀ိုင်းချလာပြန်သည်။ သည်တစ်ချီတွင်တော့ ဒူးကိုအမြန်ထောက်ချလိုက်သည်နှင့်တစ်ဆက်တည်း ဓါးကို ညာဘက်ခါးစောင်းမှ၊ ဘယ်ဘက်ခါးစောင်း၊တစ်ခါ ညာဘက်ခါးစောင်းအထိ တရစပ်ဆွဲချမွှေ့ ရမ်းပေးလိုက်သည်။
သေကြပေရော့
အုန်းဝုန်း
ပါတ်ဝန်းကျင်တစ်ခုလုံး ဖုန်မှုန့် များ၊ ဓါးနှင့်ခုတ်မိသော သကောင့်သားတို့ ၏ ပြာမှုန့် များနှင့် လွှမ်းခြုံသွားတော့သည်။
ဟင်းဟင်း…”
ဖုန်မှုန်များ၊ ချွေးများကြားတွင် ခုတ်ချလိုက်သော ဓါးချက်နှင့်အတူ ဒီပ အသက်ကို ခပ်ပြင်းပြင်းရှုနေမိသည်။ တစ်ချက်မှ မနားရသေးသော ခရီးပန်းလာသည့်အချိန်မျိုးဖြစ်သောကြောင့် ပုံမှန်ထက်ပင်ပို၍ ဒေါသထွက်နေမိသည်။  မိမိ မရှိနေသောကာလအတွင်း သောမနဒီတွင်အဘယ်သို့ သော အကြောင်းများဖြစ်ပျက်ခဲ့လေသည်မသိ။ အသိဥာဏ် မရှိသလို ထုံထိုင်းထိုင်း သူရူးများနှင့် အကြောင်းမဲ့တိုက်ခိုက်နေရသည်မှာ အဓိပ္ပါယ်မရှိလှ။ အခုတော့ သင်းတို့ တွေ အကုန် ဇာတ်သိမ်း သွားကြပြီထင်ရသည်။ အနားတွင်တစ်ကောင်တစ်မြှီးမှ မမြင်ရတော့….
ဝှစ်
ဒုတ်
အမှတ်မထင် ၀င်လာသောမြှားတံက ဓါးကိုမှေးကိုင်ထားသည့် ဘယ်ဘက် လက်ဖျံကို လာစိုက်လေသည်။ ဘယ်နားက ဘယ်လိုသောသူကပစ်ပြန်ပြီလဲ။ ဆင့်ကဲ၊ ဆင့်ကဲထွက်လာသော ဒေါသတို့ နှင့် ပါတ်ဝန်းကျင်ကို ကမူးရှုးတိုး ကြည့်လိုက်မှ ၀ါးရုံတောအနီးရှိ ကုန်းကမူပေါ်တွင်မြှားသမားသူရူးတစ်ချို့ ကျန်နေသေးကြောင်း သတိထားမိလိုက်သည်နှင့်တစ်ပြိုင်နက်….
ကျား
လက်စွဲတော်ဓါးကို နောက်တစ်ကြိမ် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ရင်း မြှားသမားများရှိရာ ကုန်းကမူနားသို့  ကျားရဲ တစ်ကောင်၏အဟုန်နှင့်ပြေးတက်ကာ  အားယူ လွှဲဝှေ့ ထည့်လိုက်သည်။
ဝှီး
ကျယ်လောင်သောလေတိုးသံတစ်ခုနှင့်အတူ ဓါးသွားထိပ်ဘက်မှ ဖြတ်ခနဲတစ်ချက်လင်းလက်သွားပြီး မြှားသမားတစ်ယောက်လွင့်စင်ပျောက်ကွယ်သွားပြန်သည်။ တစ်ဆက်တည်းဆိုသလို ဘယ်၊ညာနှစ်ချက် ဓါးလွှဲခုတ် ခုတ်ချလိုက်ရင်း အားယူကာ ဓါးသွားကို မြေပြင်ပေါ်သို့ ဆင့်ကာ၊ဆင့်ကာ ရိုက်ချလိုက်သည်။ ပြင်းထန်သော ဓါးချက်အောက်တွင် မြေပြင်တစ်ခုလုံး တုန်ခါသွားသည့်အလား ဓါးသွားကျရာ အနီးအနား မြေပြင်တို့ ကွဲအက် လွင့်စင်ကုန်ကြသည်။ ဓါးသွားများကြားတွင် မြှားသမားတို့  တစ်ယောက်ပြီးတစ်ယောက် အမှုန့် ဖြစ်ပျောက်ကွယ်သွားကြသော်လည်း ဒီပကား မရပ်နိုင်သေး။ ဒေါသတကြီးနှင့် နောက်ထပ် ဓါးချက်များကို ဆင့်ကာ ဆင့်ကာ ခုတ်ချနေပြန်သည်။ နှစ်ချက်၊ သုံးချက်ဆက်ကာ၊ဆက်ကာ၊ စဉ်ဆက်မပြတ်ခုတ်ချလိုက်ပြီးမှ …………..
…………………………………………………….
…………………………………………………….
ပါတ်ဝန်းကျင်တစ်ခုလုံး တဒင်္ဂမျှတိတ်ဆိတ်သွားပြီးတစ်ခဏအကြာ…..
ဗျုန်း
တဲအိမ်အနားတွင်ရှိနေသော ဘူးစဉ်ဟောင်းကြီး ပုံပျက်ကာလဲပြိုကျသွားသည်။ သိမ့်သိမ့်တုန်နေသော မြေပြင်မှ ရိုက်ခတ်မှုတစ်ခု ဖြစ်ချေမည်။
လရောင်သာသာအောက် မြေကွက်လပ်ကွင်းပြင်လေးတစ်ခုတွင် ဖြစ်ပျက်သွားသော ထိုတိုက်ပွဲငယ်ကို တစ်စုံတစ်ယောက်ကစောင့်ကြည့်နေလေသည်။ ခပ်လှမ်းလှမ်းရှိ သရက်ပင်တစ်ခု၏ အမြင့်ကိုင်းတစ်ခုပေါ်တွင် မတ်မတ်ရပ်လျက် စောင့်ကြည့်နေသော သူမ၏ မျက်လုံးတစ်ဘက်ကို အ၀တ်စဖြင့်အုပ်စည်းထားသည်။  စောင့်ကြည့်နေမိသည်ဆိုသော်လည်း သူမ မြင်သည်ကား သောမနဒီ၏အိမ်ရှေ့ စံ ဒီပကို မဟုတ်၊ ဒီပဆိုသည်ကိုလည်း မသိ၊ စိတ်လည်းမ၀င်စား၊ သူမ စိတ်ဝင်စားသည်ကား ဓါးချက်ထိ၍ ပြာမှုန့် ဖြစ်ကာလွင့်စင်သွားသော သူရူးများဆီမှ ထွက်လာသည့် အနီရောင် အလင်းစလေးများကိုသာ။ ထိုအလင်းစလေးများကို တော့ တရစပ်တိုက်ပွဲဝင်နေရသည့် ဒီပကား မြင်နိုင်မည်မဟုတ်။ သာမာန်လူတို့ ၏မျက်စိနှင့်မြင်တွေ့ ရနိုင်သည့် အရာမျိုးလည်း မဟုတ်ပေ။ သို့ ရာတွင် သူမအဖို့ တော့ အရေးပါလှသည်။ ထိုအလင်းစလေးများ တောအုပ်ထဲသို့ တိုးဝင်ပျောက်ကွယ်မသွား မှီ လိုက်လံစုဆောင်းရပေဦးမည်။ 
You cannot copy content of this page