The Return: Forbidden Throne ( 02 )
The Return: Forbidden Throne ( 02 )
chapter2
"အပြန်လမ်း"
အခန်း ( ၂ )
( သောမနဒီ နန်းတွင်း )                                                                                            ညဥ့်ဦးယံအချိန်
ရွှေနန်းတော်အတွင်း အစောင့်အကြပ်တပ်သားများမှလွဲ၍ သောမနဒီပြည့်ရှင်မင်းနှင့် မှုးကြီးမတ်ရာများ အပါအ၀င် ရွှေနန်းသူ၊ ရွှေနန်းသားများအားလုံး နန်းရင်ပြင်သို့ စုဝေးရောက်ရှိနေကြသည်။  လုံးဝန်းနေသော စန္ဒာလမင်း၏ လရောင်က သောမနဒီပြည်ကို အေးမြစွာ ဖြန့် ကျက်ထားလေသည်။  လပြည့်ကျော် တစ်ရက်နေ့ မဟုတ်ပါလား။ သည်လို နေ့ ၊သည်လို အချိန်၊ သည်လို သီတင်းကျွတ်လများတွင် ဘုရားရှင်ကို ပူဇော်ပသသော မီးပုံးလွှတ်ပွဲများကို စီရင်ကျင်းပလေ့ရှိသည်မှာ သောမနဒီတိုင်းပြည်၏ ချစ်စဖွယ် ဓလေ့တစ်ခုပင်။ ရေမြေ့သခင်၊ ဘုန်းမြတ်ရှင် မင်းတရားကြီး ကိုယ်တိုင် ပါဝင်ဆင်နွှဲသော ပွဲဖြစ်သည်နှင့်အမျှ ကြီးကျယ်ခမ်းနားလွန်းလှသည်။ အေးမြစွာတည်နေသော လရောင်အောက်တွင် ကညင်ဆီမီးခွက်များ၊ မီးတုတ်များဖြင့် အလှဆင်လိုက်သောအခါ ရွှေနန်းတော်တစ်ခွင်လုံး သာလှစွာသော ညနေခင်းအလား ရွှေဝါရောင် သမ်း၍ လင်းထိန်နေတော့သည်။  မြေခွက်အိုးပုတ်လေးများတွင် ကညင်ဆီဖြည့်ကာ ပန်းပုံ၊ စင်္ကြာပုံ စီသူကစီသည်။ အရောင်အသွေးစုံသော မီးပွား၊မီးပန်းများ ဖြင့် ကောင်းကင်ယံတွင် အလှဆင်ရန် ဒုံးလွှတ်ဖို့ ပြင်သူကပြင်ကြသည်။ နန်းရင်ပြင်တစ်ခုလုံးတွင်လည်း ရွှေနန်းသူ၊ရွှေနန်းသားများ ရံရွှေတော်များ၊ အနွယ်တော်များ က မီးပုံးငယ်များကိုယ်စီကိုင်ဆောင်၍ ရှိနေကြလေသည်။ နန်းရင်ပြင် ဦးထိပ်တွင်မတော့ ကျွန်းသစ်တို့ ဖြင့်စီမံထားသော စင်မြင့်များရှိနေပြီး ထိုကျွန်းစင်များတွင် မင်းတရားကြီးနှင့်တကွ မိဘုရားများ၊ မှုးကြီးမတ်ရာများက လက်ထဲတွင် မီးပုံးငယ်များ ကိုင်ဆောင်၍ အသင့် နေရာယူထားကြ၏ ။ ထိုအထဲတွင် သောမနဒီပြည့်ရှင်မင်းတရား၏ လက်ရုံးတစ်ဆူဖြစ်သော ပညာရှိဝန်မင်း သုနန္ဒလည်း ပါဝင်လေသည်။ ကုသိုလ်ရေးပြုလုပ်၍ ရေပြင်ကဲ့သို့  အေးမြတည်ငြိမ်သော စိတ်အစဉ်တို့ နှင့် သာစွာရှိသင့်သော်လည်း ၀န်မင်းသုနန္ဒကား ရွှင်ပြဟန်မရှိ။ တစ်စုံတစ်ခုကို အကြီးအကျယ်စိုးရိမ်နေဟန်ရှိသည်။ ဘုန်းမြတ်ရှင် မင်းတရားကြီး နှင့် အနီးဆုံး အရပ်တွင် မိမိအပါအ၀င် ပညာရှိ ၀န်မင်းလေးပါးက အမြဲတစေ အရံသင့်ရှိနေကြရသည်မှာ ထူးဆန်းသည်တော့မဟုတ်။ မင်းတရားကြီး၏ လုံခြုံရေး အပါအ၀င် တိုင်းရေးပြည်ရာ၊ စစ်ရေးစစ်ရာများမှအစ ထိုက်သင့်သော အချိန်တွင် ထိုက်သင့်သော အမှုကိစ္စများဆောင်ရွက်ပေးနိုင်ရန်ရှိနေရမည်မှာ မိမိတို့ ဝန်မင်းလေးပါး၏ သမိုင်းပေးတာဝန်ပင်ဖြစ်သည်။ သောမနဒီရွှေနန်းနှင့် သောမနဒီပြည်၏ သာယာလှပသော မနက်ဖြန်များက မိမိ အသက်ထက်ပို၍ အဖိုးတန်သည်ကိုလည်း နှလုံးသည်းပွတ်အတွင်းထိ နက်နက်နဲနဲ လက်ခံထားပါသော်လည်း သည်နေ့ တွင်တော့ သုနန္ဒ စိတ်ထဲတွင် လေးလံလျက်ရှိသည်များကို မဖြေဖျောက်နိုင်သေး။ အခါတော်ပေးဗုံသံကြားသည်နှင့် အသင့်လွှတ်တင်ရန် ကိုင်ဆောင်ထားသော မီးပုံးငယ်မှ အ၀ါရောင် အလင်းသည် ၀န်မင်းသနန္ဒ၏ ရင်ထဲမှ ပူပင်သောကများနှင့် အပြိုင် မှုန်ပြပြ လောင်ကျွမ်းလျက်။ မရတော့…မိမိ သည်နေရာတွင်ဆက်ရှိမနေတော့ရန် အချိန်ကျရောက်နေပြီဖြစ်သည်။ တိုးညှင်းစွာသော သင်ပြင်းနှင့်အတူ လေပူတစ်ချို့ မှုတ်ထုတ်လိုက်ရင်း ခေါင်းကို မသိမသာ ခါရမ်းမိသွားသည်။
“၀န်မင်းကြီး အဆင်ပြေရဲ့လား”
ဘေးနားတွင် ကပ်လျက်ရှိနေသော ဘဏ္ဏာရေးဝန်မင်း သောမလ က စိုးရိမ်စိတ်ဖြင့် စူးစမ်းရင်း ဆိုလိုက်ခြင်းဖြစ်သည်။
“ပြေပါတယ်ဝန်မင်း”
တည်ငြိမ်စွာပြန်ဖြေလိုက်ရင်း ခေတ္တ တိတ်ဆိတ်သွားမိသည်ထင်၊ သောမလက စကားဆက်လာသည်။
“ပြေတယ်သာဆိုတယ် ၀န်မင်း မီးပုံးကိုင်ထားတဲ့လက်တွေက မငြိမ်လှပေဘူး၊ ဆီးဝမ်းသွေးလေညီညွတ်ပါရဲ့လား” ။
တစ်စုံတစ်ခုကို ချက်ချင်းဆုံးဖြတ်လိုက်ပြီး
“ ၀န်မင်းငယ်  အကျွန်….”
“ဘုံ……………..ဘုံ……………..ဘုံ”
မကျယ်လွန်း၊ မတိုးလွန်းဘဲ ဖြေးဖြေးညင်သာစွာတီးခတ်နေရာမှ တစ်ဖြေးဖြေး ပိုမို မြန်ဆန်လာသော ဗုံသံ။
“ဘုံ………ဘုံ…..ဘုံ….ဘုံဘုံဘုံဘုံ….ဘုံဘုံဘုံဘုံ”
မိမိစကားမဆုံးလိုက်ခင်ပင် ထွက်ပေါ်လာသော အခါတော်ပေးဗုံသံကြောင့် စကားစတို့  ပြတ်တောက် သွားတော့သည်။ နာပျော်ဖွယ် အခါတော်ပေးဗုံသံက နန်းရင်ပြင်တစ်ခုလုံးလွှမ်းခြုံသွားလိုက်ပြီး သောမနဒီရွှေနန်း၏ ကောင်းကင်ယံပေါ်သို့  မီးပုံးငယ်လေးတစ်ခု ထိုးတက်လာသည်။ မီးပုံးငယ်လေးတစ်ခု၊ နောက်တော့  နှစ်ခု။  သုံးခု။ မီးပုံးငယ်လေးများ တစ်ခုပြီးတစ်ခုပျံတက်သွားကြပြီးနောက် ခဏအတွင်းမှာပင် ကောင်းကင်တစ်ခုလုံး ရွှေဝါရောင်သန်းလောက်အောင် အပြည့်နေရာယူလိုက်ကြတော့သည်။
“ရှုး…..”
“ဖောင်း…ဖောင်း…ဖောင်း”  ဒုံးလွှတ်သံများနှင့်အတူ အရောင်အသွေးစုံသော မီးပန်းမီးပွားများက အားဖြည့်လိုက်သောအခါ သောမနဒီပြည်၏အလှဆုံးညခင်းတစ်ခု မွေးဖွားလာတော့သည်။ အတော်ဆုံး ပန်းချီပညာရှင်တစ်ယောက်ရေးခြယ်ထားသလိုလှပသော ရှုခင်းကို ရွှေနန်းသူ၊ ရွှေနန်းသားတို့ ပျော်ရွှင်စွာ ရှုစားရင်း တီးတိုးပြောသံ၊ရယ်မောသံ၊အော်ဟစ်သံများက နန်းရင်ပြင်ကိုဖုံးလွှမ်းသွားတော့သည်။ အရံသင့်တည်ခင်းထားသော အသီးအနှံများ၊ ဖျော်ရည်များကို စားသောက်ကြရင်း သောမနဒီ၏ သီတင်းကျွတ်အလှကို စာဖွဲ့ ပြောဆို နေကြသော လူအုပ်ကြီးထဲမှ ၀န်မင်း သုနန္ဒ အသာလေးထွက်လာခဲ့လိုက်သည်။
မီးပုံးလွှတ် ကျွန်းစင်မှ အဆင်းတွင် တည်ငြိမ်စွာလှမ်းခဲ့သော ခြေလှမ်းတို့ တစ်ဖြေးဖြေးသွက်လာသည်။ နန်းရင်ပြင်ဦးဘက်အရပ် ညီလာခံသဘင်ဆင်မြန်းရာ အဆောင်တော်နံဘေးမှတစ်ဆင့် ပိတောက်ပင် တို့ အုံ့ ဆိုင်းစွာရှိနေသော လမ်းမငယ်တစ်ခုအတွင်း ချိုးဝင်လိုက်သည်။ လရောင်ကွက်တိကွက်ကြားမှအပ တော်ရုံအလင်းဖေါက်မ၀င်နိုင်သော ပိတောက်ပင်ရိပ်အမှောင်ထုအတွင်းတွင် မိမိ၏ သစ္စာတော်ခံများ အရံသင့်စောင့်နေကြပေမည်။ စနစ်တကျ စီစဉ်ထားသော အရေးတော်တစ်ခုကို သည်ည ထမ်းရွက် ရပေတော့မည်။ နည်းနည်းလေးမှအလွဲခံ၍မဖြစ်။ ဟုတ်သည်..မိမိအနည်းငယ်လွဲချော်မိသည်နှင့် သောမနဒီတိုင်းပြည်၏ အနာဂါတ်ကို ရိုက်ခတ်သွားချေတော့မည်။ သတိကြီးစွာထား၍ ဘေးဘီကို တစ်ချက်အကဲခတ်လိုက်ပြီး ပိတောက်ပင်အရိပ်များကြား တိုးဝင်သွားလိုက်သည်။ ခေတ္တအကြာတွင်….
“ဂွက်”
အတွင်းရှိပစ္စည်းကို မိမိတစ်ချက်ကြည့်လိုက်ပြီးသည်နှင့် သစ္စာတော်ခံများက သေတ္တာအဖုံးကို ဆွဲပိတ်လိုက်၏။ ထုထည် အတန်ထူသော သစ်မာသားကို အတွင်းလှိုက်၍ ထွင်းထားသော သစ်သားသေတ္တာတစ်ခု၊ အနားသတ်များကို ရွှေဖြင့်ကနုတ်ရေးချယ်ထားပြီး သေသပ်စွာ ထွင်းထုထားခြင်းကို မြင်ယုံနှင့် တန်ဖိုးကြီးသော သေတ္တာတစ်လုံးဖြစ်ကြောင်းကို သိနိုင်ပေမည်။ ထိုသေတ္တာကို ခန္ဓာကိုယ်အတန်ထွားကြိုင်းသော သစ္စာတော်ခံ လူလေးယောက်က ခပ်သွက်သွက်မလျက် ၀န်မင်းသုနန္ဒ နှင့်အတူ ပိတောက်ပင်ရိပ်၊မှောင်ရိပ်များကြား   တောက်လျောက် တိုးဝင်သွားကြသည်။ အလျင်လိုနေ၍ထင့် ပိတောက်ပင်လမ်းမငယ်သည် အတန်ပင်လျှောက်ယူနေရသယောင်ရှိသည် ။ ပိတောက်ပင်လမ်းမငယ်အဆုံးတွင် နန်းဥယျာဉ်ငယ်တစ်ခုရှိပေသည်။ မရောက်နိုင်သေး၊ လူထွားကြီးလေးယောက်၏ ခြေသံများ တစ်ချက်တစ်ချက် ခပ်အုပ်အုပ် ထွက်လာသည်မှအပ ပါတ်ဝန်းကျင်သည်တိတ်ဆိတ်လျက်။ ဟော…ရှေ့ ဆို ပိတောက်ရိပ်တို့ လွတ်ရာရောက်ပြီ။ ၀န်မင်းသုနန္ဒလှမ်းကြည့်လိုက်သော ထိုအရပ်တွင် ယာယီနန်းဆောင်လေးများ ဟိုတစ်ခု၊သည်တစ်ခုရှိနေကြသည်။ ဥယျာဉ်တော်အတွင်းလှည့်ပါတ်သည့်အခါ နားနေရန် ဆောက်လုပ်ထားသော သစ်သားနန်းဆောင်လေးများဖြစ်သည်။ လေးထောင့်တိတိကျသော ယာယီနန်းဆောင်ငယ်များကား တစ်ခုနှင့်တစ်ခု ဆင်တူလွန်းလှသည်။ သေချာသတိထားကြည့်လျင် ထိုလေးထောင့်ကျသောယာယီနန်းဆောင်ငယ်များမှာ အနားညီလေးထောင့်စတုဂံတစ်ခု၏ ထောင့်တစ်ခုတိုင်းစီတွင်ရှိနေခြင်းဖြစ်ကြောင်းမြင်ရပေမည်။ ထို ထောင့်လေးထောင့်၊ယာယီနန်းဆောင်လေးခုကို ငုံလျက်ပို၍ကြီးသော လေးထောင့်ညီစတုဂံတစ်ခုရှိပြီး ထိုစတုဂံ၏ထောင့်များတွင်လည်း ယာယီနန်းဆောင်ငယ်လေးခု၊ ထိုစတုဂံ၏ အပြင်ဘက်တွင်လည်း နောက်ထပ် စတုဂံတစ်ခု၊ ထောင့်လေးထောင့်၊ယာယီနန်းဆောင်ငယ်လေးခုက ရှိနေသေးပြန်ရာ ရုတ်တရက်ဆိုလျှင် အတန်ပင် အမြင်မှားနိုင်လှသည်။ ထိုရှုပ်ထွေးသော ဥယျာဉ်ငယ်နှင့် မလှမ်းမကမ်းနောက်ဘက်တွင် ရွှေနန်းတော်မြို့ ရိုးကို လှမ်းမြင်နေရသည်။ ထို နန်းဆောင်ငယ်များ အတွင်းဗဟိုချက်လမ်းမငယ်မှ ဆက်ထားသော ပိတောက်တောလမ်းမငယ်တွင် ၀န်မင်း သုနန္ဒတို့ လျှောက်လာနေခြင်းဖြစ်သည်။ အတန်ပင်လေးသော သေတ္တာကို သယ်မထားရသည့်တိုင် ထိုလူထွားကြီးများကား သွက်သွက်လက်လက်နှင့်အလောတကြီးရှိလှ သည်။ အလည်ဗဟိုချက်လမ်းမငယ်တည့်တည့်လျှောက်လာပြီး ဒုတိယမြောက် စတုဂံ၏လက်ယာဘက်နန်း ဆောင်ငယ်ရှိရာသို့  ၀န်မင်းသုနန္ဒ ဦးတည်သွားလိုက်သည်။ လူထွားကြီးများကား နန်းဆောင်ငယ်ရှေ့ တွင်ပင် ရပ်၍ကျန်ခဲ့၏။ နန်းဆောင်ငယ်တွင် မကြီးမသေးလွန်းသော ကျွန်းပွတ်လုံးတိုင်လေးတိုင်ရှိပြီး ထိုတိုင်တစ်လုံးချင်းဆီပေါ်တွင် သစ်သားဖြင့်ထွင်းထုထားသော ကနေသည့်ဟန် နတ်ရုပ်လေးရုပ်ရှိနေ၏။ ၀န်မင်း သုနန္ဒက နန်းဆောင်အတွင်း ၀င်လျင်ဝင်ချင်းအရပ်ကို မျက်နှာမူလျက်ရှိသည့်  နတ်ရုပ်၏ လက်တစ်ဖက်ကို အသာလေး ချိုး၍လှည့်လိုက်သည်။ တမဟုတ်ချင်းဆိုသလို 
“ကျွီ ………. …………….”
မြေအုတ်ဖြင့်စီမံထားဟန်ရှိသော နန်းဆောင်ငယ်၏ကြမ်းပြင်သည် လခြမ်းသဏာန် နှစ်ပိုင်းခွဲပွင့်သွားပြီး အတွင်းဘက်သို့ ဆင်းသွားနိုင်မည့် အုတ်လှေကားထစ်များပေါ်လာတော့သည်။ ၀န်မင်းသုနန္ဒက ခေါင်းကို တစ်ချက်ဆတ်၍ အချက်ပြလိုက်သည်နှင့် လူထွားကြီးများကလည်း ထို လှေကားထစ်များဆီခြေလှမ်းလိုက်ကြ သည်။
ထိုစဉ်………..
“ဟိတ် ရပ်လိုက်”  
တိတ်ဆိတ်စွာလှုပ်ရှားနေသောအရပ်တွင် ဟိန်း၍ထွက်လာသော ထိုအသံရှင်သည် ပိတောက်ပင်တော လမ်းမငယ်ဘက်မှ ခပ်မြန်မြန်လျှောက်လာလေသည်။ ပိတောက်ရိပ်အမှောင်ထုမှ ထိုးထွက်လာသော ထို လူ၏မျက်နှာ ကို လရောင်အောက်တွင် ကောင်းစွာမြင်လိုက်ရသောအခါ ၀န်မင်းငယ် သောမလ၏ လူယုံ တပ်မှုးငယ် တစ်ယောက်ဖြစ်နေကြောင်း သူသတိထားမိလိုက်သည်။ စစ်ထွက် ချပ်ဝတ်တန်ဆာ အပြည့် ဆင်မြန်း ထားပုံထောက်လျင် နန်းဥယျာဉ်ကင်းထောက်လှည့်လာခြင်းဖြစ်မည်။ သို့ တည်းမဟုတ် ၀န်မင်းငယ် သောမလက မိမိကို ခြေရာခံခိုင်းခြင်းပေလော။ အတွေးတို့ မဆုံးခင်ပင် ထို တပ်မှုးငယ်က အပြေးတပိုင်းလျောက်လာနေသည်။
 “အဘယ်အရေးကြောင့် ရွှေနန်းတော်ရဲ့ လျှို့ ဝှက် တံခါးဆီရောက်နေကြသည်လဲ”
“အသင်တို့ အဘယ်သူတွေလဲ”
မေးခွန်းများကို ခက်ထန်စွာ တရစပ်မေးမြန်းရင်းလျှောက်လာနေသော ထိုတပ်မှူးငယ်သည် မိမိကိုမြင်သေးဟန် မပေါ်ပေ။ သူကား လူထွားကြီးများသယ်ထားသော သေတ္တာကို အာရုံရောက်နေဟန်ရှိသည်။
 “သည်မယ် တပ်မှူး”
ဝန်မင်းသုနန္ဒက အသံပြုလိုက်ရင်း ခြေတစ်လှမ်းလှမ်းလိုက်သည်။
 “အလို….၀န်မင်းကြီးဘုရား”
“သည်လို မီးပုံး လွှတ်ပွဲသဘင် ဆင်ယင်နေကြသည့် အချိန်မျိုးတွင် သည်နေရာကို အဘယ်အရေးကြောင့်ရောက်နေရပါသည်လဲ ၀န်မင်းကြီးဘုရား”  
ရိုသေစွာမေးလိုက်သော တပ်မှူးငယ်၏ မျက်နှာတွင် အံ့သြစိတ်ထက် သံသယစိတ်တို့ က ပိုနေပုံရသည်။
“ကိုယ်တော့်မှာ အရေးရှိတယ် တပ်မှူး၊ သည်နေရာက အမြန် ဆုတ်ပါတော့။”
သတိပေးသံတစ်ဝက်၊ အမိန့် ပေးသံတစ်ဝက်နှင့် ခပ်အုပ်အုပ်ပြန်ဖြေလိုက်ရင်း တပ်မှူးငယ်ရှိရာသို့  သုနန္ဒ တစ်လှမ်းချင်းတိုးကပ်သွားလိုက်သည်။ မကျေလည်လှသော အတွေးတို့  ဖြတ်ပြေး သွားကြောင်း ကို တပ်မှူးငယ်၏မျက်နှာတွင်မြင်လိုက်ရပြီးနောက်
 “ ဒါပေသည့်……..”
“ဒါပေသည့်…………သည်သေတ္တာကိုတော့ စစ်ဆေးခွင့်ပြုပါ ၀န်မင်း”
အရဲ့စွန့် လျှောက်တင်နေကြောင်းသိသာလှအောင် စကားသံတို့ က ပြတ်တောင်းတောင်းနှင့်  အနဲငယ် တုန်ခါနေကြသည်။  သည်လို အခြေအနေတွင်တော့ အခြားရွေးစရာလမ်းမရှိတော့။ ဆုံးဖြတ်ချက်တစ်ခုကို သေချာစွာချလိုက်ပြီး တည်ငြိမ်သောအသံဖြင့်
 “ကောင်းပြီလေ”
သုနန္ဒ စကားကို တိုတိုတုတ်တုတ်ဖြေလိုက်ရင်း ညာဘက်လက်ကို ဘယ်ဘက်လက်ဝတ်လုံတော်အတွင်းအသာ လျှို ထားလိုက်သည်။
 “မင်းတရားကြီးရဲ့ဝန်တော်ကို တာဝန်ကျေစွာ ထမ်းရွက်ခွင့်ပြုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ၀န်မင်းဘုရား၊ ယခုပင် စစ်ဆေးခွင့်ပြုတော်မူပါ။”
အလျင်စလို လျှောက်တင်ရင်း သေတ္တာရှိရာအရပ်၊လူထွားကြီးများဘက်သို့  လှမ်းရန်ပြင်၍ ခေါင်းမော့လိုက်သည်နှင့် 
 “စွက်…” “အွတ်”  
ရင်ဝတည့်တည့်ကို စူးနစ်သွားသော ဓါးတိုကို ရုတ်တရက် ငုံကြည့်လိုက်ရင်း အံ့သြမှုအပြည့်နှင့် မော့ကြည့်လာသည့် တပ်မှူးငယ်၏မျက်နှာကို ၀န်မင်းသုနန္ဒ လှည့်မကြည့်တော့။ လှည့်ကြည့်ရန်လည်း အချိန်မရှိတော့။ ဆောင်ရွက်ရန်ရှိသော အရေးတော်များကို မီးပုံးလွှတ်သဘင် ဆင်ယင်မှုမပြီးခင် အလျင်မီ ဆောင်ရွက်ရဦးမည်မဟုတ်ပါလား။
ညသည် တဖြေးဖြေးနက်လာနေသည်။ သောမနဒီ၏ ကောင်းကင်တွင်လည်း မီးပုံးငယ်များနှင့် ကြယ်တာရာများကား  အပြိုင်ထွန်းလင်းလျက်။ သာယာဖွယ်ကောင်းသောညချမ်း၊ စည်ကားစွာ တပျော်တပါး ဆင်ယင်နေသော ရွှေနန်းတော်မီးပုံးလွှတ်သဘင်။ ထို အရာများ၏ ဟိုမှာဘက်တွင်တော့ ၀န်မင်းသုနန္ဒနှင့် သစ္စာတော်ခံလူထွားကြီးများက ရွှေကျွန်းသေတ္တာတစ်လုံးနှင့်အတူ လျှို့ ဝှက်လှေကားမှ တစ်ထစ်ချင်းဆင်း၍ မြေအောက် အမှောင်ထုအတွင်းဝင်ရောက်ပျောက်ကွယ်သွားချေပြီ။
You cannot copy content of this page