The Return: Forbidden Throne ( 04 )

The Return: Forbidden Throne ( 04 )

new-story-board

"အပြန်လမ်း"

အခန်း ( ၄ )

သည်ကနေ့  ညနေခင်းသည် ယခင်နေ့ များထက် သာ၍လှနေသယောင်ရှိသည်။ အနောက်ဘက် တောင်စွယ်ကို တပ်ဆုပ်သွားသည့် နေ၀န်းနီနီက လိမ္မော်ရောင်ခြယ် ပန်းချီကားတစ်ချပ်ကို တိမ်လွှာဖြူလွှလွှများပေါ်တွင် ရေးဆွဲထားသကဲ့သို့ ပင်။ ပြုနေကျအတိုင်း တောတွင်းမှရှာဖွေစုဆောင်းထားသည့် ဆေးဥ၊သစ်ဖုတစ်ချို့ ကို နေလှန်းထားရာမှ ပြန်သိမ်းယူရင်း နံဘေးရှိ လျှိုမြောင်တစ်လျှောက်ကို ငေးကြည့်နေမိသည်။ စိမ်းစိုနေသော လျှိုထဲတွင် ၀ါးပင်တို့ က ပို၍များလှသည်။ သစ်ပင်ကြီးတစ်ချို့ ၊ ချုံနွယ်တစ်ချို့ နှင့်အတူ လျှိုထဲရှိ တောငှက်ပျောပင်များနားတွင် မျောက်ငယ်တစ်အုပ်ကိုလည်းမြင်နေရလေသည်။ ထိုလျှိုမြောင်ကြီး ဘေးတစ်ဘက်အတန်မြင့်သော တောင်ကုန်းထိပ်တစ်နေရာတွင်တော့မိမိတို့ မြေးအဘိုး၏ အိမ်လေးရှိနေသည်။ သည်မြင်ကွင်းသည် တောရိပ်၊တောင်ရိပ်တွင်ပင် ကြီးပြင်းခဲ့ရသော သူမအတွက် မထူးဆန်းလှဟု ဆိုနိုင်သော်လည်း၊ မရိုးနိုင်သော စိတ်အေးချမ်းမှုများပင်ဖြစ်သည်။ ငယ်စဉ်ကတည်းက မိဘများ မရှိတော့သောကြောင့် သည်တော၊သည်တောင်၊ သည်နေရာတွင်ပင် အဘိုး၏ပြုစုပျိုးထောင်မှုအောက်တွင် သူမလူလားမြောက်ခဲ့ရသည်။ တောထဲ၊တောင်ထဲဟု ဆိုသော်လည်းမိမိတို့ တောအုပ်နယ်နိမိတ်မှာ သောမနဒီတိုင်းအတွင်း တည်နေပြီး သောမနဒီပြည့်ရှင်မင်းဧကရာဇ်၏ သြဇာအောက်တွင် ရှိလေသည်။ မြတ်သော အကျင့်သီလ၊ ညှာတာထောက်ထားတတ်သော နှလုံးရည်နှင့် ပြည့်စုံသည့် ဘုန်းတန်ခိုးကြီးမြတ်စွာသော အရှင်ဘုရင်၏ အုပ်ချုပ်မှုအောက်တွင် လုသူ၊ခိုးသားမရှိ အရာရာ ငြိမ်းချမ်းလှ၏။ တောင်ကုန်းထိပ်ခရေပင်ကြီးတစ်ပင်ဘေးတွင်ဆောက်လုပ်ထားသော မိမိတို့  ၀ါးခင်းအိမ်ကလေးရှိ လသာဆောင်ကွက်ပြစ်မှနေ၍ အောက်ဘက်ချိုင့်ဝှမ်းတစ်လျှောက် တစ်မျှော်တစ်ခေါ်ကြည့်လိုက်လျှင် သောမနဒီရွှေမြို့ တော်ကို ခပ်ရေးရေးမြင်နိုင်ပြီး၊ ထိုကဲ့သို့ ကြည့်ရှုနေရခြင်းကိုလည်း သူမနှစ်သက်လှသည်။ ရှုပ်ထွေးပွေလီသော လူမှု့ ပတ်ဝန်းကျင်ကို သူမ သဘောမကျပါ။ တစ်သီးတစ်သန့် နေထိုင်ရင်း၊ မိမိဝါသနာပါသော ဂြိုလ်စီးဂြိုလ်နင်း ဂမ္ဘီရအတတ်ပညာများ၊ အထက်လမ်းဆေးများရှာဖွေဖော်စပ်ရခြင်းများကိုသာ ချစ်မြတ်နိုးပါသည်။ မိန်းကလေးဖြစ်သည့်တိုင် သည်အရာများအပေါ် ၀ါသနာပါနေမိသည်မှာလည်း တကယ်တန်းတော့ အထူးအဆန်းမဟုတ်ပေ။ မိမိ၏အဘိုး ဒေ၀ သည် နက္ခက်တာရာကြည့်ခြင်း၊ အဆောင်ယတြာ အစီအမံပြုလုပ်ခြင်းများတွင် ကျွမ်းကျင်ပိုင်နိုင်သလောက်၊ အနှောက်ပရောဂ များကို နိုင်နင်းသည့် ဆေးဖော်စပ်ရာတွင်လည်း နှံ့ စပ်လွန်းလှသည်။ မိမိသည်လည်းငယ်စဉ်ကတည်းပင် အဘိုးဆေးဖော်စပ်သည့် မြေအိုးများပြုလုပ်သည်မှစ၍ အဘိုး ဒေ၀ ပြောပြလေ့ရှိသည့် ဂမ္ဘီရပုံပြင်များနှင့်ရင်းနှီးကျွမ်းဝင်ခဲ့ရသည်လေ။ ရံဖန်ရံခါတွင် အထက်လမ်းဆေးဖော်စပ်သည့်အတတ်ပညာများ၊ ကိုယ်ခံပညာများကို အဘိုးကသင်ပြပေးတတ်ပြီး၊ လိုအပ်သော ဆေးဥ၊သစ်ဖုများကိုလည်း တောအုပ်ထဲသို့ သွားကာအရှာခိုင်းလေ့ရှိသည်။ တောကြမ်းကြမ်းထဲ မိမိလမ်း၊မိမိရှာ၍ ကိုယ့်အားကိုကိုးကာသွားလာနေထိုင် တတ်ခဲ့သည့်အတွက် မိမိလက်ဖမိုးများပင် မိန်းကလေးတန်မဲ့ အတန်မာကြောလျက်ရှိတော့၏။ အဘိုး ဒေ၀ ကား ထိုပညာရပ်များနှင့်ပင် သောမနဒီရွှေမြို့ တော်တွင် သိကျွမ်းသူများ မနည်းလှပေ။ အနှောက်ပရောဂများနှောက်ယှက်၍သော်လည်းကောင်း၊ ရှေ့ ဖြစ်နောက်ဖြစ် သိလို၍သော်လည်းကောင်း၊ အဆောင်လက်ဖွဲ့ လိုလျှင်သော်လည်းကောင်း အဘိုးထံသို့ ဧည့်သည်များရောက်လာတတ်သည်။ ယခုလည်း အဘိုးဒေ၀ ကို ၀န်မင်းကြီးတစ်ပါးက အခေါ်တော်ရှိသည်နှင့် ရွှေနန်းတော်သို့  အခစားသွားနေသည်မှာ ရက်အတန်ကြာပေပြီ။ သိမ်းယူလက်စ ဆေးဥခြောက်များကို ၀ါးတောင်းတစ်ခုတွင်ထည့်ရင်း အိမ်ထဲသို့ ပြန်ဝင်လာလိုက်သည်။ အပြင်တွင်မှောင်ရိပ်သန်းချေပြီ။ တဲအိမ်ရှေ့ မျက်နှာစာရှိ မီးငြိမ်းနေသော မီးပုံကို ထင်းခြောက်တစ်ချို့ ထပ်ဖြည့်ရင်း မီးဖိုလိုက်သည်။ ကောင်းကင်သည်လည်း မှောင်တစ်ချို့ ၊လင်းတစ်ဝက်နှင့် မကြာခင် မိုးဆုံးဆုံးချုပ်ပေတော့မည်။ ညည့်နက်ဘက် အမဲလိုက်တတ်သော သားရဲကောင်တို့ အော်ညည်းသံတစ်ချို့ က တစ်ချက်၊တစ်ချက်မှ ထွက်ပေါ်လာတတ်သော်လည်း ပုစဉ်း ရင်ကွဲသံများကား စီစီညံလျက်။ လေတိုးသံသဲ့သဲ့၊ ညဥ့်ဇီးကွက်သံ ခပ်တိုးတိုးများကြားတွင် မြင်းခွါသံတစ်ချို့  ကြားလိုက်ရသလိုရှိသည်နှင့် ကမူအပြင်အနိမ့်ပိုင်းရှိ မြေလမ်းလေးကို တစ်ချက်လှမ်းကြည့်ရင်း နားစွင့်နေလိုက်သည်။ “ခလွပ်…ခလွပ်”…… “ခလွပ်…ခလွပ်” ဟုတ်သည်။ မြင်းတစ်စီးတည်း လာနေသည့်အသံဖြစ်သည့်အတွက် အဘိုး ဒေ၀ ပင်ဖြစ်ပေလိမ့်မည်ဟု ခန့် မှန်းရသည်။ ထင်ထားသည့်အတိုင်းပင်မြေလမ်းလေး၏အမှောင်ထုအတွင်းမှ အရိပ်တစ်ခု ထိုးထွက်ကာ တဲအိမ်ရှိရာသို့ တဖြေးဖြေး လျှောက်လာနေသည်။ မပိန်လွန်း၊မ၀လွန်းသော ကိုယ်ခန္ဓာနှင့် ပုခုံးထက်ရှိ ဖျင်တဘက်ကြမ်းတို့ က အဘိုး ဒေ၀ မှန်းပို၍ သေချာသွားစေ၏။ တဲအိမ်ရှေ့ ရှိ ၀ါးရုံတစ်ခုတွင် မြင်းကြိုးကိုချည်လိုက်ပြီးသည့်နောက် အဘိုး ဒေ၀ ကား မိမိရှိရာ ခပ်သွက်သွက်လှမ်းလာနေရင်းနှင့်ပင် စကားကို အလောတကြီးပြောလိုက်၏။ “ သူတို့ ပြန်လာနေကြပြီ သမီးယဉ်ခတ် အဘိုးတို့ ဒီနေရာက အမြန်ရွှေ့ မှဖြစ်မယ်။” “ ဘယ်လို…… ဘယ်သူတွေလဲအဘိုး၊ ဘာကိုပြောတာလဲ သမီးနားမလည်ဘူး။” မိမိမေးခွန်းများကို ပြန်ဖြေအားသည့်ပုံမရ။ အဘိုးကား ပြောရင်း၊ဆိုရင်းနှင့်ပင် မီးဖိုတွင်းမှ မီးစွဲနေသော သစ်မာတစ်ချောင်းကိုဆွဲယူပြီး တဲအိမ်ထဲသို့ အလျင်စလို ၀င်သွားပြန်သည်။ မိမိလည်း အနောက်မှလိုက်ဝင်သွားရင်း “အဘိုး ဘယ်သူတွေပြန်လာတာကိုပြောတာလဲဟင်” စကားပြန်မရ။ အမြဲကြည်လင်နေတတ်သော အဘိုးမျက်နှာတွင် စိုးရိမ်စိတ်တို့ မြင်နေရသည့်အတွက် ပုံမှန်ထက်ပို၍ အရေးကြီးသော ကိစ္စဖြစ်မည်ဟု မှန်းဆမိသော်လည်း၊ အခြေအနေအရပ်ရပ်ကိုတော့ မသုံးသပ်မိ။ အဘိုးသည် သူစုဆောင်းသိမ်းဆည်းထားသော ရှေးပေစာထုပ်များတင်ထားသည့် စားပွဲသို့ သွားကာ ပေစာထုပ်များကို တစ်ခုစီ အလျှင်စလိုဖတ်ရှုရင်း တစ်စုံတစ်ခုကို အသည်းအသန်ရှာဖွေနေတော့သည်။ ထို့ နောက် ပေလွှာပါးအလွတ်တစ်ရွက်ကိုဆွဲယူလိုက်ရင်း အစီအမံတစ်ခုကို ချရေးတွက်ချက်လိုက်ပြီး “ အမှန်ပဲ …ယက္ခဆိုတာ သေချာသွားပြီ။” ပြောလက်စ စကားကို ခဏရပ်လိုက်ပြီး တစ်ခုခုကို တွေးတောနေသယောင်ရှိလေသည်။ အဘိုးကို အခြေအနေအရပ်ရပ် မေးမြန်းချင်နေပြီဖြစ်သော်လည်း အနှောက်အယှက်ဖြစ်မည်ဆိုးသဖြင့် ခတ်မဆိတ်နေလိုက်ရင်း အဘိုးမျက်နှာကိုသာ အကဲခတ်နေမိသည်။ ခေါင်းထဲတွင်မတော့ “ ဘာတွေလဲ၊ ရွှေနန်းတော်မှာ ဘယ်လိုအရေးတွေ ဖြစ်ခဲ့လို့ လဲ၊ အဘိုးကရော ဘာတွေကို အလျင်စလို ရှာဖွေတွက်ချက်နေရတာလဲ၊ ဘယ်သူတွေက ဘယ်ကိုသွားလို့ ၊ ဘယ်ကနေပြန်လာကြတာလဲ၊ မိမိတို့ ကရော ဘယ်ကို ရွှေ့ ရမှာလဲ၊ ယက္ခဆိုတာကရော” မေးခွန်းပေါင်းမြောက်မြားစွာဖြင့် အတွေးတွေများ နေတုန်း အဘိုးက စကားစပြောလာသည်။ “သမီးယဉ်ခတ်...အဘိုးအမြဲပြောခဲ့ဖူးတဲ့ ၀ဇ္ဇဏ မျိုးနွယ်စုတွေကိုမှတ်မိရဲ့မဟုတ်လား” “မှတ်မိတယ်လေ အဘိုး…တစ်ချိန်က လူသားတွေနဲ့ အတူယှဉ်တွဲနေထိုင်ခဲ့ဖူးတယ်ဆိုတဲ့ ပါးစပ်ရာဇ၀င်ထဲက ကြမ်းကြုတ်တဲ့ မျိုးနွယ်စုတွေကို ပြောတာမဟုတ်လား” “အမှန်ပဲ ငါ့သမီး…သူတို့ ပြန်လာနေကြပြီ” “ ဘယ်လို အဘိုး… သည်မျိုးနွယ်စုတွေက တကယ်ရှိခဲ့လို့ လား” အဘိုးကားချက်ချင်းမဖြေသေးဘဲ အသက်ကို လေးလေးပင်ပင်ရှုလိုက်ရင်း မိမိပုခုံးအား လက်တစ်ဖက်နှင့်ကိုင်လိုက်၏။ အဘိုးလက်တို့ ကား စိုးရိမ်စိတ်တို့ ဖြင့် အနည်းငယ်တုန်ယင်နေသယောင်ရှိသည်။ အဘိုးက မိမိမျက်လုံးအား စူးစူးစိုက်စိုက်ကြည့်လိုက်ရင်း လေးနက်သောအသံဖြင့် “ဒီမယ်ငါ့သမီး…အဘိုးအခုပြောမဲ့စကားတွေကို သေသေချာချာနားထောင်ပါ။” “ ဟိုး အရင်ကတည်းက ၀ဇ္ဇဏမျိုးနွယ်စုတွေဟာ တကယ်ပဲ တည်ရှိခဲ့ကြတယ်။ လူသားတွေနဲ့ အတူယှဉ်တွဲနေထိုင်ခဲ့ကြပြီး လူသားတွေထက် ခွန်အားအရာမှာအင်မတန်သာလွန်တဲ့အပြင် ဂမ္ဘီရ အတတ်ပညာတွေကိုလည်း လေ့လာဆည်းပူးကြလေ့ရှိတယ်။ သို့ ပေသည့် ဘုန်းတန်ခိုး၊ဥာဏ်ပညာအရာမှာတော့ လူသားမျိုးနွယ်စုတွေကို မယှဉ်နိုင်ခဲ့ကြဘူး။ အထူးသဖြင့် ဘုန်းတန်ခိုးအရာမှာ ကြီးမြတ်တဲ့ နန်းညွန့် ၊နန်းလျာ ဘုရင်မင်းမြတ်တွေကိုပေါ့။ နောက်တော့ မျိုးနွယ်စုနှစ်ခုကြား ညှိလို့ မရနိုင်တဲ့ ပြဿနာတစ်ခုဖြစ်ခဲ့ဟန်ရှိပြီးတဲ့နောက် ၀ဇ္ဇဏမျိုးနွယ်တွေဟာ ကျူပင်ခုတ်ကျူငုတ်မကျန်၊ အပြီးသတ် သုတ်သင်ရှင်းလင်းခြင်းကိုခံခဲ့ကြရတာမျိုး ဖြစ်ကောင်းဖြစ်နေနိုင်တယ်။ ပြီးတော့ ရွှေနန်းတော်က နတ်ရေစင်တစ်မျိုးကို အသုံးပြုပြီးဝဇ္ဇဏမျိုးနွယ်တွေကိုရှင်းလင်းခဲ့တယ်လို့ လည်းပြောစမတ်ရှိခဲ့ကြတယ်။” စကားအရှည်ကြီးကိုဆိုနေသည့်တိုင် အဘိုးစကားပြောသည့်ပုံက အလောတကြီးနိုင်လှသည်။ သက်ပြင်းတစ်ချက်ကို ခပ်မြန်မြန်ချရင်း အဘိုးက စကားဆက်ပြန်သည်။ “ရွှေနန်းတော်မှာ အရေးတော်တစ်ခုရှိနေပြီ သမီး။ ဘာရယ်လို့ တော့အဘိုး အသေအချာမပြောနိုင်ပေမဲ့ အထူးအဆန်းကိစ္စတွေတောက်လျှောက်ဖြစ်လာနေတယ်။” အဘိုးပြောနေသည့်စကားများကို အလုံးစုံမရှင်းလင်းရသည်နှင့် မိမိခေါင်းထဲတွင်လည်း မေးခွန်းများကများသထက်များလာနေသည်။ သိချင်စိတ်ကြီးစွာနှင့်ဖြင့် စကားကိုဆက်လိုက်မိသည်။ “ဘယ်လိုအရေးမျိုးတွေလည်း အဘိုး” “၀န်ကြီးသုနဒ္ဒက အဘိုးကို အခေါ်တော်ရှိပြီးတဲ့နောက်….” အဘိုးဒေ၀က ပြောလက်စစကားကို ရုတ်ချည်းရပ်လိုက်ပြီး တစ်စုံတစ်ခုကိုနားစွင့်နေဟန်ဖြင့် အိမ်တံခါးနားသို့ အပြေးတစ်ပိုင်းတိုးကပ်သွားသည်။ ထို့ နောက်တစ်ခါ ပေစာထုပ်များရှိရာစားပွဲဘက်သို့ အပြေးပြန်လာကာ စောစောက ရေးခြစ်ထားသော ပေစာရွက်ကိုဆွဲယူလိုက်ရင်း “သမီးယဉ်ခတ် ဒီပေစာရွက်ကိုယူ၊ သည်နေရာကနေ အမြန်ဆုံးပြေးပေတော့” “ဟင် ဘယ်..ဘယ်လို အဘိုး” နားမလည်ခြင်းများစွာက ခေါင်းထဲထပ်ဝင်လာပြန်သည်။ နောက်ထပ်မေးခွန်းတစ်ခုမပြုမှီ အဘိုးကပင်စ၍ “အချိန်မရတော့ဘူး သမီးယဉ်ခတ်အခုသွားမှဖြစ်မယ်။” အဘိုးက သူ့ ပုခုံးထက်တွင် အမြဲတင်ထားတတ်သည့်ဖျင်ထည်တဘက်ကို မိမိပုခုံးပေါ်လွှဲပြောင်းတင်လိုက်သည်။ ထို့ နောက် မိမိပုခုံးအား တင်းကြပ်စွာ တစ်ချက်ဆွဲဖြစ်လိုက်ပြီး “သဘာဝတရားကြီးက လူတွေကို တစ်ကြိမ်တစ်ခါပဲ သေဖို့ ခွင့်ပြုထားပေမဲ့၊ အတိတ်ကိုမှီတွယ်လွန်းတဲ့လူတွေကတော့ နေ့ စဉ်နဲ့ အမျှအကြိမ်ကြိမ်သေကြရတယ် ငါ့သမီး” “အဘိုးကတော့ ငါ့သမီးကို တစ်ကြိမ်တစ်ခါပဲ သေဆုံးရတဲ့လူတစ်ယောက်ဖြစ်စေ့ချင်တယ်။” စကားကို တစ်လုံးချင်းလေးနက်စွာဆိုပြီးသည့်နောက် “ ကဲ..သွားတော့” “ ဘယ်အရေးကြောင့်လဲ အဘိုးရယ်၊ အဘိုးကတော့ရော” မိမိစကားဆုံးလျှင်ဆုံးခြင်းပင် တဲအိမ်အပြင်ဘက်လျှို ထဲမှ ရယ်သံကြီးတစ်ခုထွက်ပေါ်လာလေသည်။ “ အဟားဟား..ဟားဟား…ဟားဟား…ဟားးးး” ကျယ်လောင်လှသော ထိုရယ်သံကား လျှိုတစ်ခုလုံးပဲ့တင်ထပ်လျက်ရှိသည်။ မိန်းမတစ်ယောက် လှောင်ပြောင်ပျက်ရယ်ပြုလိုက်သလိုရယ်သံမျိုးဟုထင်ရသော်လည်း ရယ်သံမှာ အတန်ငယ် ကွဲအက်နေသယောင်ရှိ၏။ အကြောင်းစုံကို မသိရသေးသော်လည်း ထိုရယ်သံသည် အန္တာရယ် အငွေ့ အသက်ပင်ဖြစ်ကြောင်းကို ယဉ်ခတ်ကောင်းကောင်းရိပ်မိလိုက်သည်။ ချက်ချင်းဆိုသလိုပင် မိမိ အိပ်ယာခေါင်းရင်းဘက်ခြမ်းနံရံတွင် ဆွဲချိတ်ထားသော ဓါးနှစ်လက်ကို အပြေးသွားဖြုတ်လိုက်သည်။ မည်သူမည်ဝါမှန်း မသေချာသေးသော်လည်း ကြောက်ရွံစိတ်တော့စိုးစဉ်းမျှမဖြစ်မိ။

You cannot copy content of this page